မိုးစပါးအသစ်ပေါ်ချိန် တွင် တရုတ်နိုင်ငံက ဆန်အ၀ယ် နည်းခြင်းကြောင့် ပြည်တွင်းဆန် ဈေး ကျဆင်းလာကြောင်း ဈေးကွက်မှ သတင်းရရှိသည်။
ပြည်တွင်း ဆန်ဈေးသည် ဆန်ကြမ်းအမျိုးအစား တစ်အိတ် လျှင်(ဆန်ဟောင်း) ကျပ် ၁၅,၅၀၀ မှ ကျပ် ၁၈,၀၀၀ အကြား ဈေးရှိပြီး ဆန်သစ်တစ်အိတ်ဈေးနှုန်းမှာ ကျပ် ၁၄,၅၀၀ မှ ကျပ် ၁၅,၅၀၀ ကြား ဈေးရှိသည်။
လက်ရှိပြည်တွင်းဆန်ဈေး သည် ယခင်နှစ် မိုးစပါးပေါ်ချိန်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ကျပ် ၂,၀၀၀ ခန့် ဈေးကျဆင်းလာ ကြောင်း ပြည်ပသို့ ဆန်တင်ပို့ ရောင်းချနေသည့် ဦးမျိုးသူရအေး က ပြောကြားသည်။
‘‘မနှစ်ကနဲ့ ယှဉ်ရင် ဆန်ဈေး က ကျတယ်။ ဈေးကျရတဲ့ အ ကြောင်းကတော့ တရုတ်က အ ၀ယ်နည်းလို့ပဲ’’ဟု ၎င်းက ပြောကြားသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် မှ အစိုးရအဖွဲ့သည် ဒေသတွင်း ဆန်လိုအပ်ချက်နည်းပြီး မြန်မာနိုင်ငံ မူဆယ်မြို့သို့ ဆန်လာရောက်ဝယ်ယူသည့် တရုတ် ဆန်ကုန်သည်များကို မကြာခဏ ဖမ်းဆီးခြင်းကြောင့် တရုတ်ဆန်ကုန်သည်များက မြန်မာနိုင်ငံမှ ဆန်ကို အ၀ယ်နည်းသဖြင့် ပြည်တွင်း၌ ဆန်လက်ကျန်များပြီး မိုးစပါးပေါ်ချိန်တွင် ဈေးကျရသည်ဟု ကုန်သည်များကဆိုသည်။
ဆန်ဈေးကျဆင်းမှုကြောင့် မိုးစပါးပေါ်ချိန်တွင် စပါးတင်းတစ်ရာ ကျပ် ၃၆၀,၀၀၀ ခန့်သာရှိကြောင်း ဓနု ဖြူမြို့နယ်မှ လယ်သမား ဦးသိန်းအောင်က ပြောကြားသည်။
မိုးစပါး စတင်စိုက်ပျိုးချိန်က စပါးတင်းတစ်ရာလျှင် ကျပ် ၅၅၀,၀၀၀ ခန့်ဈေးရှိခဲ့သည်ဟုဆို သည်။ တရုတ်နိုင်ငံက အ၀ယ်နည်းခြင်း၊ နိုင်ငံတကာ ဈေးကွက်တွင် ဆန်ဈေးကျဆင်းနေခြင်းတို့ ကြောင့် မိုးစပါးပေါ်ချိန်၌ စပါး ဈေးကျဆင်းမည်ကို ကုန်သည် များနှင့် လယ်သမားအချို့က စိုး ရိမ်ခဲ့ကြသည်။

No comments:
Post a Comment