ပြည်ပသို့ ပျားရည်တင် ပို့မှုမှ ခြောက်လအတွင်း အမေရိ ကန်ဒေါ်လာ
လေးသန်းကျော်ရရှိ ပြီး ယခင်ဘဏ္ဍာနှစ်ဝင်ငွေထက် ပိုမိုရရှိထားကြောင်း
မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းဒုဥက္ကဋ္ဌ ဦး အောင်ခိုင်ထွေးက ပြောကြားသည်။
ယခင်ဘဏ္ဍာနှစ်တွင် ပြည်ပ နိုင်ငံများသို့ ပျားရည်တန်ချိန် ၃,၀၀၀ ကျော် တင်ပို့မှုမှ အမေရိ ကန်ဒေါ်လာသုံးသန်း ရရှိသော် လည်း ယခုဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာအထိ ခြောက်လ အတွင်း တန်ချိန် ၃,၀၀၀ ကျော် တင်ပို့နိုင်၍ အမေရိကန်ဒေါ်လာ လေးသန်းကျော်ရရှိကြောင်း ဦး အောင်ခိုင်ထွေးကပြောသည်။
‘‘မြန်မာ့ပျားရည်ကို လူ ကြိုက်များတော့ တင်ပို့မှုများလာ တာ။ ပျားရည်ဈေးနှုန်းကတော့ ပျမ်းမျှအနေနဲ့ ပြီးခဲ့တဲ့နှစ်တွေက တစ်တန်ကို အမေရိကန်ဒေါ်လာ ၂,၀၀၀ လောက်ရပြီး ဒီနှစ်တော့ ၁,၅၀၀ ဝန်းကျင်ရပေမယ့် များ များပို့နေရတယ်’’ဟု ၎င်းကပြော သည်။
မြန်မာနိုင်ငံမှ ပျားရည်များ ကို ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိ ကန်၊ ကနေဒါ၊ ဂျပန်နှင့် တရုတ် အပါအဝင် ၁၀ နိုင်ငံသို့ တင်ပို့နေ ပြီး ဥရောပနိုင်ငံများသို့ တင်ပို့နိုင် ရန် ကြိုးစားနေကြောင်း စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ပျားလုပ် ငန်းဌာနက ဆိုသည်။
ပျားလုပ်ငန်းဌာနသည် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်က စတင် ကာ ပျားရည်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မှုမရှိတော့ဘဲ ဝန်ဆောင်မှု လုပ်ငန်းများသာ ဆောင်ရွက်ပြီး ပျားရည်နှင့် ပျား ထွက်ပစ္စည်းများ နိုင်ငံတကာဈေး ကွက်သို့ တင်ပို့နိုင်ရေး ဆောင် ရွက်ခဲ့သည်။
မန္တလေး၊ စစ်ကိုင်း၊ မကွေး တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ရွှေ့ပြောင်းပျားမွေးမြူရေး စနစ်ဖြင့် ပျားရည်ထုတ်လုပ်ပြီး တစ်နိုင်ငံလုံး၌ ပျားအုံ ၁၃၀,၀၀၀ ကျော် မွေးမြူထားကြောင်း ပျား လုပ်ငန်းဌာနကဆိုသည်။
ယခုအခါ ပျားရည်ထုတ် လုပ်သော ပုဂ္ဂလိကကုမ္ပဏီ ၇၀၀ ကျော်ရှိပြီး တန်ဖိုးမြင့် ပျားရည် ထုတ်လုပ်တင်ပို့နိုင်ပါက တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ကျော်အထိ ဈေးနှုန်းရနိုင်ကြောင်း ပျားရည်ထုတ်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။

No comments:
Post a Comment