ကုမ္ပဏီမှတ်ပုံတင်ခြင်းဖြင့် ရရှိနိုင်မည့် အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများ
မောင်ဋီကာ
မြန်မာနိုင်ငံတွင်ကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာမှာ သွက်လက်မြန်ဆန်စွာ မှတ်ပုံတင်နိုင်ရေး အတွက် ဖြေလျှော့မှုများကို ၂၀၁၁ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ရာ စီးပွားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကုမ္ပဏီတည်ထောင် လိုတဲ့ စီးပွားရေးလုပ်ငန်းများအနေနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ မှတ်ပုံတင်ရာတွင်လည်း (၂)ရက်သာကြာမြင့်ပြီး မှတ်ပုံတင်ကြေးမှာလည်း ကျပ်ငါးသိန်းသာ ကုန်ကျတော့မှာပဲဖြစ်ပါတယ်။ ယခုအခါ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့တွင်သာမက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းဒေသကြီး/ပြည်နယ်ရုံးခွဲများဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊တောင်ကြီး၊မုံရွာ၊ထားဝယ် နှင့် ပုသိမ်မြို့တို့မှာလည်း မှတ်ပုံတင်နိုင်ပါတယ်။ ယခုစက်တင်ဘာလအတွင်းမှာလည်း ကရင်ပြည်နယ် ဘားအံမြို့မှာ ရုံးခွဲထပ်မံ ဖွင့်လှစ် တော့မှာပဲ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကုမ္ပဏီ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့ကြီးတွေမှာ ရုံးခွဲတွေ ဖွင့်လှစ်ရေး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ နဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာပင် ကျန်ရှိနေသေးတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ရုံးခွဲများကို ဆက်လက် ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ(၁၉၁၄)အရ မှတ်ပုံတင်ကုမ္ပဏီအမျိုးအစား ခွဲခြားသတ်မှတ် ထားမှုသည် ဗြိတိသျှကုမ္ပဏီဥပဒေမူဘောင်ကို အသုံးပြုနေတဲ့ နိုင်ငံများဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့မှ ဥပဒေများကဲ့သို့ပင် ပြဌာန်းထားခြင်း ဖြစ်ကြောင်း တွေ့ရှိနိုင်ပါတယ်။ ယင်းသို့ ခွဲခြားသတ်မှတ်မှုဟာဆိုရင် စီးပွားရေးလုပ်ငန်းများအတွက် ပြောင်းလွယ် ပြင်လွယ်နိုင်မှု အရှိဆုံးဖြစ်စေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ
အသစ် ပြန်လည်ရေးဆွဲလျက်ရှိတဲ့ မြန်မာကုမ္ပဏီများဥပဒေမှာလဲလည်း လက်ရှိသတ်မှတ်ထားတဲ့ ကုမ္ပဏီအမျိုး အစားများအတိုင်း ဆက်လက်ပြီးသတ်မှတ်သွားမှာပဲ ဖြစ်ပါတယ်။
ကုမ္ပဏီတည်ထောင်ခြင်း၏အကျိုးကျေးဇူးများ
မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတစ်ခုဟာဆိုရင် ဥပဒေဆိုင်ရာ တရားစွဲဆိုခွင့် နှင့် တရားစွဲဆိုပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီဟာ သက်ဆိုင်ရာ ဥပဒေနှင့်အညီ စာချုပ် ချုပ်ဆိုခွင့်၊ ငွေချေးယူခွင့်၊ ပိုင်ဆိုင်ခွင့်၊ ဥပဒေနှင့်အညီ တရားစွဲဆို ပိုင်ခွင့်နှင့် ခုခံကာကွယ်ခွင့်စတဲ့ အခွင့်အရေးများကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကုမ္ပဏီတစ်ခုဟာ ကုမ္ပဏီ၏အဖွဲ့ဝင်များ သို့မဟုတ် အစုရှယ်ယာရှင်များ သို့မဟုတ် ဒါရိုက်တာများနှင့် မန်နေဂျာများစတဲ့ လူပုဂ္ဂိုလ်များနှင့် သီးခြားစီရပ်တည်ပါတယ်။ ကုမ္ပဏီမှ ဒါရိုက်တာများ အငြိမ်းစား ယူခြင်း သို့မဟုတ် အစုရှယ်ယာရှင်များ ကွယ်လွန်ခြင်းတို့ရှိသော်လည်း ကုမ္ပဏီဖျက်သိမ်းခြင်းမပြုသမျှ ကာလပတ်လုံး ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
မှတ်ပုံတင်ကုမ္ပဏီများနှင့်ဒါရိုက်တာအဖွဲ့ဝင်များဟာ မြန်မာကုမ္ပဏီများ အက်ဥပဒေ(၁၉၁၄)အရ သတ်မှတ်ထားသည့် ဥပဒေဆိုင်ရာတာဝန်များဖြစ်တဲ့ ဘဏ္ဍာရေးစာရင်းများ ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ကုမ္ပဏီရဲ့စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြရခြင်းစတဲ့ တာဝန်များကိုလည်း လိုက်နာရမှာဖြစ်ပြီး တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေး ဆောင်ရွက်ရပါတယ်။
လုပ်ငန်းမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲဖြစ်ပါက ရင်းနှီးမြှုပ်နှံငွေကို ရှာဖွေရာမှာ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားတဲ့အတွက်လည်း ပိုမိုလွယ်ကူစေပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် အစုရှယ်ယာဝယ်ယူခြင်းဆိုတာ လုပ်ငန်းအတွက် ငွေကြေးထည့်ဝင်ခြင်း သို့မဟုတ် ထည့်ဝင်ရန် သဘောတူခြင်းသာဖြစ်တဲ့အတွက် ကုမ္ပဏီမှာ ရင်းနှီးငွေလိုအပ်တဲ့အခါမှာ ထပ်မံထည့်ဝင်ရန် ဥပဒေအရ တာဝန်သတ်မှတ်ထားခြင်း မရှိတဲ့အတွက်ကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအဖြစ်မှတ်ပုံတင် ထားမယ်ဆိုရင် ဝန်ကြီးဌာနများနှင့်လုပ်ငန်းဌာနများမှထုတ်ပေးတဲ့ လိုင်စင်များနဲ့ ခွင့်ပြုမိန့်များကို လျှောက်ထားရာမှာလည်း လွယ်ကူမှု ရှိစေပါတယ်။
အများနှင့် မသက်ဆိုင်သော ကုမ္ပဏီ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ အရေ အတွက်မှာ ၄၉,၀၀၀ ကျော် ရှိပါတယ်။ ကုမ္ပဏီအများစုဟာ အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများ ဖြစ်ပြီး အစုရှယ်ယာများဖြင့် ပေးရန်တာဝန်ကို ကန့်သတ်ထားလေ့ရှိကြပါတယ်။ အများနှင့် မသက်ဆိုင် သော ကုမ္ပဏီအဖြစ် မှတ်ပုံတင်ခြင်းအတွက် ရရှိမယ့် အကျိုးကျေးဇူးမှာ ကုမ္ပဏီရဲ့ ပေးရန်တာဝန်ကို ကန့်သတ် နိုင်ခြင်းပင် ဖြစ်ပါတယ်။ ဒါရိုက်တာတဦးချင်းစီရဲ့ ပေးရန်တာဝန်ကို ကန့်သတ်နိုင်ပြီး၊ ကုမ္ပဏီရဲ့ ပေးရန်တာဝန်အားလုံးကို ကုမ္ပဏီပိုင်ရှင်မှ တာဝန်ယူရန် မလိုအပ်ပါဘူး။ ကုမ္ပဏီရဲ့ Own Equity နဲ့ ညီမျှတဲ့ ပေးရန်တာဝန်ကိုသာ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိခြင်းဖြစ်ပါတယ်။ ဆိုလိုရင်းမှာ အစုရှယ်ယာပိုင်ရှင်များရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပေးဆပ်ရန်တာဝန်ကို ယင်းဒါရိုက်တာများ ထည့်ဝင် ထားသည့် အစုရှယ်ယာနဲ့ညီမျှသည့်ပမာဏကိုသာ ပေးရန်တာဝန်အဖြစ် သတ်မှတ်ပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
အများနှင့် မသက်ဆိုင်သော ကုမ္ပဏီများသည် အများအားဖြင့် လုပ်ငန်းကြီးများနှင့် ချိတ်ဆက်၍ အထောက်အပံ့ပြုပေးလျှက်ရှိသည့် မိသားစုပိုင်လုပ်ငန်းငယ်များအဖြစ် ရပ်တည်ကြခြင်း ဖြစ်ပါတယ်။ အများနှင့်မသက်ဆိုင်သောကုမ္ပဏီများဟာ ၎င်းတို့ရဲ့ အစုရှယ်ယာများကို အများပြည်သူသို့ ရောင်းချခြင်း မပြုလုပ်နိုင်ပါဘူး။အများအားဖြင့်အများနှင့်မသက်ဆိုင်သောကုမ္ပဏီများဟာ အသေးစားနှင့် အလတ်စား လုပ်ငန်းများသာ ဖြစ်လေ့ ရှိပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အများနှင့်မသက်ဆိုင်သောကုမ္ပဏီများကို နိုင်ငံခြားကုမ္ပဏီနှင့် မြန်မာ ကုမ္ပဏီဟူ၍ အမျိုးအစား(၂)မျိုး ခွဲခြားနိုင်ပါတယ်။ နိုင်ငံခြားကုမ္ပဏီဆိုသည်မှာ နိုင်ငံခြား ကော်ပို ရေးရှင်း သို့မဟုတ် နိုင်ငံခြားသားတစ်ဦးဦးတို့မှ အနည်းဆုံး ရှယ်ယာ တစ်စု ပိုင်ဆိုင် ထားတဲ့ ကုမ္ပဏီကို ဆိုလိုခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ(၁၉၁၄)မှာ ဖော်ပြထားပါတယ်။ မြန်မာကုမ္ပဏီ ဆိုသည်မှာ နိုင်ငံခြားကုမ္ပဏီမဟုတ်သည့်ကုမ္ပဏီကို ဆိုလိုခြင်းဖြစ်ပါတယ်။ သို့ဖြစ်၍ နိုင်ငံခြားသားပိုင် ရှယ်ယာတစ်စုပါဝင်သည့် ကုမ္ပဏီကို နိုင်ငံခြားကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင် ပေးခြင်းဖြစ်ပါတယ်။
ယခုအသစ်ရေးဆွဲလျှက်ရှိတဲ့ မြန်မာကုမ္ပဏီများဥပဒေတွင်မူ ယင်းသတ်မှတ်ချက်ကို ပြောင်းလဲ ပေးထားပါတယ်။ ဥပဒေအသစ်တွင် ပြည်တွင်းကုမ္ပဏီ၌ နိုင်ငံခြားသားပိုင်ရှယ်ယာများ ပါဝင်နိုင်တဲ့ အတိုင်းအတာကို အစိုးရမှသတ်မှတ်နိုင်ခြင်းဆိုတဲ့အချက်ကို ထည့်သွင်းထားပါတယ်။ ယင်းသို့ခွင့်ပြု ပေးခြင်းအားဖြင့် ပြည်တွင်းကုမ္ပဏီများဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံခြားငွေ အရင်းအနှီး၊ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံဗဟုသုတ စသည်များ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
အများနှင့်သက်ဆိုင်သောကုမ္ပဏီ (Public Companies)
အများပြည်သူများသို့ အစုရှယ်ယာများရောင်းချရန် ရည်ရွယ်ထားသည့်လုပ်ငန်းကြီး များဟာ ဆိုရင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်အဖြစ် ရပ်တည်ခြင်းနဲ့ ပိုမိုသင့်လျော်မှု ရှိပါတယ်။ အများပိုင်ကုမ္ပဏီများဟာ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အလို့ငှာ ကုမ္ပဏီရဲ့ အစုရှယ်ယာများ ၊ ချေးငွေ သက်သေခံလက်မှတ်များကို အများပြည်သူသို့ ရောင်းချခွင့်ရှိပြီး၊ Yangon Securities Exchange မှာ စာရင်းဝင်ကုမ္ပဏီ(Listed Company)ဖြစ်စေရေး အတွက်လည်း ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ အစုရှယ်ယာများကို ဈေးကွက်အတွင်း ရောင်းချခြင်းဟာ ဒါရိုက်တာများရဲ့ တာဝန် များကို တိုးမြှင့်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ မြန်မာကုမ္ပဏီများအက်ဥပဒေ(၁၉၁၄)မှာ အများပိုင် ကုမ္ပဏီများဟာ ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို လိုက်နာရပြီး အများပိုင် ကုမ္ပဏီအဖြစ် Listing ပြုလုပ်လျှက် ချေးငွေသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကြီးကြပ်မှုကော်မရှင်မှ ထုတ်ပြန်ထားသည့်စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာရန်လိုအပ်ပါတယ်။
အများပိုင်ကုမ္ပဏီများကို စည်းကြပ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများဟာဆိုရင် အများနှင့် မသက်ဆိုင်သည့် ကုမ္ပဏီများထက် ပိုမိုတင်းကြပ်ပြီး၊ အထူးသဖြင့် ဒါရိုက်တာ ဆိုင်ရာ စည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားလိုအပ်ချက်များ၊ အစီရင်ခံစာတင်သွင်းမှုများနဲ့စပ်လျဉ်းတဲ့ စည်းမျဉ်း များ ပိုမိုပါဝင်လာပါတယ်။ ဥပမာအားဖြင့် အများပိုင်ကုမ္ပဏီ တစ်ခုဟာ ပိုင်ဆိုင်သည့် ရပိုင်ခွင့်များ ရောင်းချခြင်း ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ ဒါရိုက်တာများ၏ ကြွေးမြှီတစုံတရာအတွက် ပေးဆပ်မှုများ အားလုံးကို ကုမ္ပဏီအစုရှယ်ယာရှင်များရဲ့ သဘောတူညီချက်အရသာ ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။
အာမခံခြင်းအားဖြင့် ကန့်သတ်ထားသော ကုမ္ပဏီများ
အာမခံခြင်းအားဖြင့်ကန့်သတ်ထားသော ကုမ္ပဏီများသည် အစုရှယ်ယာဖြင့် ကန့်သတ်ထားတဲ့ အများနှင့်မသက်ဆိုင်သည့် ကုမ္ပဏီများနဲ့ ဆင်တူသော်လည်း အစုရှယ်ယာ ထည့်ဝင်ရန် မလိုအပ်ပါဘူး။ အကယ်၍ ကုမ္ပဏီကို စာရင်းရှင်းလင်း ဖျက်သိမ်းရာမှာ ပေးရန်တာဝန်ရှိသော ကြွေးမြီများ ပြေကြေစွာ ပေးချေနိုင်မှု မရှိပါက ကုမ္ပဏီတွင် ပါဝင်သူများ အနေနဲ့ ကန့်သတ်ထားတဲ့ ပမာဏတစ်ခု ထပ်မံထည့်ဝင်ရန် အာမခံရမှာဖြစ်ပါတယ်။
ပရဟိတ အဖွဲ့အစည်းများ ၊ ကလပ်များ ၊ အသင်းအဖွဲ့များ နှင့် အချို့သော သမဝါယမ အဖွဲ့ အစည်းများကို ပေးရန်တာဝန် ကန့်သတ်ရန် တာဝန်ရှိသော ကုမ္ပဏီများအဖြစ် တွင်ကျယ်စွာ ဖွဲ့စည်း ထားကြပါတယ်။ ၎င်းကုမ္ပဏီအများစုဟာ အကျိုးအမြတ်မယူသည့် အသင်းအဖွဲ့ (Non- profit Association) များ ဖြစ်ကြပြီး ရရှိလာသော အကျိုးအမြတ် တစ်စုံတစ်ရာကို ခွဲဝေခြင်း မပြုဘဲ အဖွဲ့အစည်းရဲ့ လုပ်ငန်း ဆောင်ရွက်ချက်များ ပိုမိုတိုးတက်မြင့်မားစေရန်အတွက် ပြန်လည် အသုံးပြုရပါတယ်။
တာဝန်ကန့်သတ်မထားသော ကုမ္ပဏီများ
ကုမ္ပဏီ၏ ကြွေးမြီများအတွက် ပေးရန်တာဝန်ကို တာဝန်ကန့်သတ်မထားသော အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ်လည်း ဖွဲ့စည်းမှတ်ပုံတင်နိုင်ပါတယ်။ အကယ်၍ ကုမ္ပဏီမှ ပေးရန်ရှိတဲ့ ကြွေးမြီအတွက် လိုအပ်ပါက အစုရှယ်ယာရှင် တစ်ဦးစီအနေဖြင့် ၎င်းတို့ထည့်ဝင်ထားတဲ့ အစု ရှယ်ယာအပေါ်မှာ သတ်မှတ်ထားတဲ့ပမာဏအတိုင်း ထပ်မံထည့်ဝင်ရပါတယ်။ အများအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရှိရလေ့ ရှိပါတယ်။
အထက်ပါကုမ္ပဏီအမျိုးအစားများမှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ(၁၉၁၄) အရ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားသော ကုမ္ပဏီအမျိုးအစားများဖြစ်ပြီး၊ မကြာမီ ကာလတွင် ပြဌာန်းမည့် မြန်မာကုမ္ပဏီများဥပဒေအသစ်တွင်လည်း ထည့်သွင်းပြဌာန်းထားပါတယ်။ မြန်မာကုမ္ပဏီ များဥပဒေအသစ်ဟာ မြန်မာနိုင်ငံမှာ ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွန့်ဦးတီထွင်မှုကို အားပေးခြင်း၊ အသေးစားလုပ်ငန်းများကို ပံ့ပိုးခြင်းဖြင့် ခိုင်မာသည့် စီးပွားရေးအဖွဲ့အစည်းများ ဖြစ်လာ စေခြင်း၊ ကုမ္ပဏီဆိုင်ရာကိစ္စရပ်များကို ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုပေးထားခြင်း၊ ရှင်းလင်းလွယ်ကူသည့် စည်းမျဉ်းစည်းကမ်းများ ဥပဒေများဖြင့် ရေးဆွဲထားခြင်း စတဲ့ အချက်များအတိုင်း ရေးဆွဲထားခြင်းဖြစ်ပါတယ်။ အဆိုပါဥပဒေဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ခိုင်မာပြီး ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့ ပုဂ္ဂလိကကဏ္ဍပေါ်ပေါ်ထွန်းထာစေမယ့် အခြေခံတစ်ခုကောင်းတစ်ခုပဲ ဖြစ်ပါ တော့တယ်။
အရာထမ်းများ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
https://www.facebook.com/313984852127200/photos/a.314904242035261.1073741828.313984852127200/550649401794076/?type=3&theater
Directorate of Investment and Company Administration facebook like page မှ ကူးယူဖော်ပြသည်
ကုမ္ပဏီ၏ ကြွေးမြီများအတွက် ပေးရန်တာဝန်ကို တာဝန်ကန့်သတ်မထားသော အများနှင့် မသက်ဆိုင်သော ကုမ္ပဏီအဖြစ်လည်း ဖွဲ့စည်းမှတ်ပုံတင်နိုင်ပါတယ်။ အကယ်၍ ကုမ္ပဏီမှ ပေးရန်ရှိတဲ့ ကြွေးမြီအတွက် လိုအပ်ပါက အစုရှယ်ယာရှင် တစ်ဦးစီအနေဖြင့် ၎င်းတို့ထည့်ဝင်ထားတဲ့ အစု ရှယ်ယာအပေါ်မှာ သတ်မှတ်ထားတဲ့ပမာဏအတိုင်း ထပ်မံထည့်ဝင်ရပါတယ်။ အများအားဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများမှာ တွေ့ရှိရလေ့ ရှိပါတယ်။
အထက်ပါကုမ္ပဏီအမျိုးအစားများမှာ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ(၁၉၁၄) အရ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားသော ကုမ္ပဏီအမျိုးအစားများဖြစ်ပြီး၊ မကြာမီ ကာလတွင် ပြဌာန်းမည့် မြန်မာကုမ္ပဏီများဥပဒေအသစ်တွင်လည်း ထည့်သွင်းပြဌာန်းထားပါတယ်။ မြန်မာကုမ္ပဏီ များဥပဒေအသစ်ဟာ မြန်မာနိုင်ငံမှာ ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စွန့်ဦးတီထွင်မှုကို အားပေးခြင်း၊ အသေးစားလုပ်ငန်းများကို ပံ့ပိုးခြင်းဖြင့် ခိုင်မာသည့် စီးပွားရေးအဖွဲ့အစည်းများ ဖြစ်လာ စေခြင်း၊ ကုမ္ပဏီဆိုင်ရာကိစ္စရပ်များကို ပြောင်းလွယ်ပြင်လွယ်ဆောင်ရွက်နိုင်စေရန် ခွင့်ပြုပေးထားခြင်း၊ ရှင်းလင်းလွယ်ကူသည့် စည်းမျဉ်းစည်းကမ်းများ ဥပဒေများဖြင့် ရေးဆွဲထားခြင်း စတဲ့ အချက်များအတိုင်း ရေးဆွဲထားခြင်းဖြစ်ပါတယ်။ အဆိုပါဥပဒေဟာဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ခိုင်မာပြီး ယှဉ်ပြိုင် နိုင်စွမ်းရှိတဲ့ ပုဂ္ဂလိကကဏ္ဍပေါ်ပေါ်ထွန်းထာစေမယ့် အခြေခံတစ်ခုကောင်းတစ်ခုပဲ ဖြစ်ပါ တော့တယ်။
အရာထမ်းများ
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန
https://www.facebook.com/313984852127200/photos/a.314904242035261.1073741828.313984852127200/550649401794076/?type=3&theater
Directorate of Investment and Company Administration facebook like page မှ ကူးယူဖော်ပြသည်
No comments:
Post a Comment